Skip to content
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
အခုအချိန်မှာ ကိုယ့်ဖုန်းကို ရောဂါပိုးတွေမကပ်နေအောင် ဘယ်လိုအသုံးပြုကြမလဲ

အခုအချိန်မှာ ကိုယ့်ဖုန်းကို ရောဂါပိုးတွေမကပ်နေအောင် ဘယ်လိုအသုံးပြုကြမလဲ

လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ရောဂါပိုးဟာ Third-wave အနေနဲ့ ပြန်လည်ပျံ့နှံ့နေပြီးတော့ ပိုပြီးလည်း ကူးစက်မြန်နေတာဖြစ်ပါတယ်။ ပုံမှန် Mask တပ်တာကိုတောင် ပိုစိတ်ချရတဲ့ ခေါက်ထုံးနည်း၊ ၂ ထပ်တပ်တာတွေပြုလုပ်နေကြပြီး ယခင်ထက်လည်း ပိုပြီးလက်ကို သေချာဆေးကြောဖို့လိုအပ်ပါတယ်။ 

ဒါပေမယ့် လက်ကိုဆေးကြောသလိုမျိုးပဲ ကိုယ့်ရဲ့ စမတ်ဖုန်းကိုလည်း ရောဂါပိုးတွေကပ်ညှိနေခြင်းမရှိစေဖို့အတွက် သေချာဂရုစိုက်အသုံးပြုသင့်ပါတယ်။ စမတ်ဖုန်းဆိုတာက အမြဲတမ်းကိုင်တွယ်အသုံးပြုနေတဲ့အရာဖြစ်တဲ့အတွက် ဂရုမစိုက်မိဘူးဆိုရင် တစ်ဆင့်အကူးစက်နိုင်ဆုံးအရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ 

အဲ့ဒါကြောင့် အခု Article မှာ ကိုယ့်ဖုန်းကို ရောဂါပိုးတွေမကပ်နေအောင် ဘယ်လိုမျိုးအသုံးပြုရမယ်၊ ဘာတွေပြုလုပ်သင့်တယ်၊ ဘာတွေမပြုလုပ်သင့်ဘူးလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။ 

အရင်ဆုံး ဒီအချက်တွေကိုတော့ ကျိန်းသေမပြုလုပ်ဖို့လိုအပ်ပါတယ် 

(၁) တခြားသူတစ်ယောက်ယောက်ကို ကိုယ့်ဖုန်းကို ပေးအသုံးပြုခြင်း 

အခုအချိန်ဟာ ကိုယ့်ဖုန်းကို အပြင်မှာ၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်ကို ခဏပဲဖြစ်ဖြစ် ပေးသုံးတာမျိုးကို လုံးဝရှောင်ရှားသင့်ပါတယ်။ ဒါက ဂိမ်းပေးဆော့တာ၊ ပေးသုံးတာလိုမျိုး အချိန်ကြာကြာပေးသုံးတာပဲဖြစ်ဖြစ်၊ ခတ္တဓါတ်ပုံပေးကြည့်တာမျိုးအပါအဝင် အကုန်လုံးပါဝင်ပြီးတော့ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဖုန်းကို ကိုယ့်လက်ထဲမှာပဲ ထားထားတာအကောင်းဆုံးဖြစ်ပါတယ်။ ဖုန်းကို တနေရာရာမှာ ချထားတယ်ဆိုရင်လည်း ကိုယ့်ဖုန်းကို တခြားသူတစ်ယောက်ယောက် ယူမသုံးဖို့ ကြိုတင်ပြောကြားထားသင့်ပါတယ်။ 

(၂) ဖုန်းကို ကိုယ့်အိတ်ထဲမှာမဟုတ်ဘဲ တွေ့ရာနေရာမှာတင်ထားခြင်း 

ဒါကလည်း တော်တော်များများသတိလက်လွတ်ပြုလုပ်တတ်တဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။ အပြင်မှာ မုန့်စားတာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် ဖုန်းကို စားပွဲပေါ်၊ ဒါမှမဟုတ် တနေရာရာမှာ တင်ထားတာမျိုးကလည်း အခုအချိန်မှာ ရှောင်ရှားသင့်ပါတယ်။ ရောဂါပိုးတွေဟာ အဆိုပါ စားပွဲပေါ်မှာ အမြဲတမ်းရှိနေနိုင်တာမျိုးမဟုတ်ပေမယ့် ကိုယ့်အရှေ့မှာ ဘယ်သူထိတွေ့ထားသလဲဆိုတာကို မသိနိုင်တဲ့အတွက် အကောင်းဆုံးက ကိုယ့်အိတ်ကပ်ထဲမှာပဲ ဖုန်းကို ထည့်ထားသင့်ပါတယ်။ 

(၃) လက်ဆေးကြောပေမယ့် ဖုန်းကို ပုံမှန်သန့်ရှင်းရေးမလုပ်ခြင်း 

ကိုယ်က အပြင်ကနေပြန်လာတာပဲဖြစ်ဖြစ်၊ တခြားအရာတွေနဲ့ထိတွေ့မိလို့ပဲဖြစ်ဖြစ် လက်ကိုပုံမှန်ဆေးကြောတာကတော့ အကျင့်ဖြစ်နေမှာပါ။ ဒါပေမယ့် လက်ကိုဆေးကြောပြီးတိုင်း ဖုန်းကို သန့်ရှင်းရေးလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုရင် လက်မဆေးခင်တုန်းက ဖုန်းကို ကိုင်တွယ်ထားမိရင် ကိုယ့်လက်မှာ ရောဂါပိုးကပ်ပါလာခဲ့ရင် ဖုန်းမှာလည်း ကပ်နေနိုင်တာကြောင့်ဖြစ်ပါတယ်။ 

(၄) တစ်ယောက်တည်းမဟုတ်တဲ့အချိန်တွေမှာ ဖုန်းကို ထုတ်သုံးခြင်း

ဒီအချက်ကတော့ အထူးသဖြင့် ဘတ်စ်ကားပေါ်မှာ ဖုန်းကိုထုတ်ပြီး သုံးတတ်တဲ့သူတွေအတွက် ဂရုစိုက်ရမယ့်အချက်ဖြစ်ပါတယ်။ Mask တွေတပ်ထားတယ်ဆိုရင်တောင် အကောင်းဆုံးကတော့ အရေးကြီးကိစ္စမဟုတ်ရင် ဖုန်းကို ထုတ်ပြီးအသုံးမပြုသင့်ပါဘူး။ တကယ်လို့ ရုံးလိုမျိုး အခန်းထဲမှာဆိုရင်လည်း ကိုယ်ဖုန်းသုံးနေတဲ့အချိန်မှာ Mask မပါဘဲ စကားပြောဆိုနေတဲ့သူတွေရှိရင် ဖုန်းကို သိမ်းထားသင့်ပါတယ်။ 

(၅) ဖုန်းပြောတဲ့အချိန်မှာ နားမှာကပ်ပြီး ပြောဆိုခြင်း

ဒါကတော့ လူတိုင်းနီးပါး ပြုလုပ်တတ်တဲ့အချက်တစ်ခုပါ။ လုံးဝကြီး ရှောင်ရှားဖို့ကတော့ ခဲယဥ်းနိုင်ပေမယ့် ဖုန်းပြောတဲ့အချိန်မှာ ဖုန်းကို နားမှာကပ်ပြီးပြောတာထက် Earphone သို့မဟုတ် AirPods လိုမျိုး Wireless Earbuds တွေကို အသုံးပြုတာက ပိုပြီး စိတ်ချရပါတယ်။ အထူးသဖြင့် AirPods လိုမျိုး Wireless Earbuds တွေဟာ အသုံးပြုတဲ့အချိန်မှာပဲ ထုတ်ထားပြီး ကျန်တဲ့အချိန်မှာ Charging Case ထဲမှာပဲရှိတဲ့အတွက် ရောဂါပိုးတွေကပ်မိနိုင်ခြေအလွန်နည်းပါးပါတယ်။ တကယ်လို့ ဖုန်းကို နားမှာကပ်ပြီး ဖုန်းပြောဆိုမိတယ်ဆိုရင်လည်း မတော်တဆ ပါးစပ်၊ နှာခေါင်းကနေ ရောဂါပိုးဝင်ရောက်နိုင်တဲ့အတွက် Mask တပ်ပြီး ဖုန်းပြောဆိုတာက ပိုစိတ်ချရမှာဖြစ်ပါတယ်။ 

အခုပြောသွားတာကတော့ ဖုန်းကိုအသုံးပြုတဲ့အချိန်မှာ မပြုလုပ်သင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ် ဖုန်းကို အသုံးပြုနေတဲ့အချိန်မှာ သန့်ရှင်းရေးပြုလုပ်တာအပါအဝင် ဆောင်ရွက်သင့်တဲ့အချက်တွေကို ဖော်ပြပေးသွားပါမယ်။ 

(၁) ဖုန်းကို သန့်ရှင်းရေးပြုလုပ်ဖို့အတွက် လိုအပ်သည့်ပစ္စည်းများကို အသင့်ဆောင်ထားခြင်း

လက်ကို Hand Sanitizer အသုံးပြုပြီး ဆေးကြောရသလိုမျိုးကိုပဲ ဖုန်းကို သန့်ရှင်းရေးပြုလုပ်ဖို့အတွက်ကလည်း သာမန်အကျီနဲ့ပဲ သုတ်လိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အဲ့ဒီအစား သီးသန့်ပစ္စည်းတွေကို အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။ သန့်ရှင်းရေးပြုလုပ်တဲ့အချိန်မှာ 70% Alcohol Wipe တွေကို အသုံးပြုနိုင်သလို 70% Alcohol ကို Spray အနေနဲ့ Micro-fiber အဝတ်အပေါ်ကို ဖြန်းပြီး အဆိုပါ Micro-fiber အဝတ်နဲ့ သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။ ဖုန်းကို တိုက်ရိုက် Spray ပြုလုပ်တာကိုတော့ အတတ်နိုင်ဆုံးရှောင်ရှားဖို့လိုအပ်ပါတယ်။ 

(၂)  သန့်ရှင်းရလွယ်ကူတဲ့ Phone Case ကို အသုံးပြုခြင်း 

တကယ်လို့ ကိုယ်က ဖုန်းကို Case ထဲမှာထည့်သွင်းအသုံးပြုတယ်ဆိုရင် အလွယ်တကူသန့်ရှင်းရေးပြုလုပ်နိုင်တဲ့ Case မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ ဥပမာ Leather Case တွေ၊ Fabric Case တွေက လှပတယ်ဆိုပေမယ့် 70% Alcohol နဲ့သန့်ရှင်းရေးပြုလုပ်ဖို့အတွက် ခက်ခဲသလို Leather ကိုပါ ထိခိုက်နိုင်ပါတယ်။ အဲ့ဒါကြောင့် အကောင်းဆုံးက သန့်ရှင်းရလွယ်ကူတဲ့ Silicon Case တွေက အခုအချိန်မှာ အဆင်အပြေဆုံးဖြစ်မှာပါ။ 

(၃) Phone Case ကိုပါ မကြာခဏဆေးကြောပေးခြင်း

ကိုယ်က Silicon Case ကို အသုံးပြုနေတယ်ဆိုရင် အနည်းဆုံး ၂ ရက်၊ ၃ ရက်ကို တစ်ကြိမ်ခန့် ချွတ်ပြီးသေချာဆေးကြောသင့်ပါတယ်။ ဒါက ရောဂါပိုးတွေတင်မဟုတ်ဘဲ ဖုန်း Case ကြားတွေထဲမှာ ဝင်ရောက်တတ်တဲ့အညစ်အကြေးတွေနဲ့ အရောင်ပြောင်းလဲတာကနေ ကာကွယ်ပေးနိုင်မှာပါ။ 

(၄) Screen Protector ကို အသုံးပြုခြင်း 

ဒီအချက်က ဖုန်းကို အရက်ပျံနဲ့ မကြာခဏဆေးကြာနေရတယ်ဆိုရင် ကျိန်းသေပေါက်ပြုလုပ်သင့်တဲ့အချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် တကယ်လို့ Screen Protector မကပ်ထားဘူးဆိုရင် 70% Alcohol က ဖုန်း Screen မှာရှိတဲ့ Oleophobic Coating ကို ပျက်စီးစေနိုင်တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် အကောင်းဆုံးက မတော်တဆမှန်ကို ထိခိုက်မှုကိုပါ ကာကွယ်ပြီးသားဖြစ်အောင် Screen Protector ကောင်းကောင်းအသုံးပြုထားသင့်ပါတယ်။ 

(၅) ဖုန်းနှင့်ဆက်စပ်ပစ္စည်းများကို ပိုးမွှားသန့်စင်ခြင်း

ဒီတခုကတော့ ဖုန်းအပါအဝင် သူနဲ့ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ အမြဲတတွဲတွဲအသုံးပြုတတ်သူတွေအတွက် မေ့မထားသင့်တဲ့အချက်ပဲဖြစ်ပါတယ်။ အကယ်၍ဖုန်းမှာပိုးမွှားလေးတွေကပ်နေတယ်ဆိုရင် ဆက်စပ်ပစ္စည်းတွေကို ဖု န်းနဲ့ချိတ်ဆက်တဲ့အခါမှာလည်း ပိုးမွှားလေးတွေက အဲ့ဒီပစ္စည်းတွေကိုကူးသွားနိုင်ပါတယ်။ ဒါပေမယ့် သတိထားသင့်တာတခုက ဆက်စပ်ပစ္စည်းလေးတွေဖြစ်တဲ့ အားသွင်းကြိုး၊ နားကြပ်တွေသန့်ရှင်းမယ်ဆိုရင် Hand Sanitizer တွေကိုအသုံးပြုပြီးတာနဲ့ Shock မဖြစ်အောင် သန့်စင်တဲ့ပုဝါစလေးတွေနဲ့ ခြောက်သွေ့သွားတဲ့အထိ သုတ်ပေးဖို့လိုအပ်ပါတယ်။

အခုအချက်တွေကတော့ အခုအချိန်မှာ ဖုန်းမှာ ရောဂါပိုးတွေကပ်နေခြင်းမရှိစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်တွေပဲဖြစ်ပါတယ်။ နောက်ထပ်တစ်ခုသတိထားသင့်တာကတော့ အခုလိုမျိုး ဖုန်းကို သန့်ရှင်းရေးပြုလုပ်တဲ့အချိန်မှာ ဖုန်းကို မပိတ်ထားနိုင်ရင်တောင် Charging Port လိုမျိုးကို မထိမိစေဖို့အတွက် ဂရုစိုက်သင့်ပါတယ်။ 

Previous article ဒီလိုအချိန်မှာ အသုံးသင့်ဆုံး Apple Watch ရဲ့ Handwashing Feature
Next article MacBook တွေမှာ အဖြစ်များတဲ့ Battery ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ