Apple ကနေ ယခုနှစ်မှာလည်း iPhone 13 Series ဖုန်းတွေမှာ Compact ဖြစ်ပြီး လက်တစ်ဖက်တည်းနဲ့ ကောင်းကောင်းသုံးနိုင်တဲ့ iPhone 13 mini ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ဒီ iPhone 13 mini ဟာ သတင်းထွက်ထားသလောက် Apple အတွက် နောက်ဆုံး mini Size iPhone လည်းဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် အခု iPhone 13 mini ဟာ Compact iPhone ကိုင်ချင်တဲ့သူတွေအတွက် ကျိန်းသေရွေးချယ်သင့်တဲ့ iPhone ဆိုရင်လည်း မမှားပါဘူး။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ်က iPhone 12 mini မှာလိုမျိုး Battery ပိုင်းစိတ်ပူသင့်သလားဆိုတာက iPhone 13 mini ကို စိတ်ဝင်စားတဲ့သူတွေအတွက် တွေဝေစရာတစ်ခုဖြစ်နေတုန်းပါ။ Apple ကိုယ်တိုင်ကတော့ iPhone 13 mini က iPhone 12 mini ထက် Battery Life ပိုင်းမှာ အချိန် ၁ နာရီခွဲခန့် ပိုပြီး အသုံးပြုနိုင်တယ်လို့ ကြေညာခဲ့ပေမယ့် Admin ကိုယ်တိုင်လည်း Compact ဖုန်းတွေကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်နေတော့ ကိုယ်တိုင်စမ်းသပ်ကြည့်ခဲ့ပါတယ်။
အရင်ဆုံး iPhone 13 mini ကို ကိုင်ပြီးအသုံးပြုတဲ့အချိန်မှာ ခံစားရတာကတော့ မနှစ်တုန်းက iPhone 12 mini နဲ့ အစောပိုင်း iPhone 6S ၊ 7 ၊ 8 လိုမျိုးကို ကိုင်နေရတဲ့အတိုင်း လက်ထဲမှာ မြဲနေအောင်ကိုင်ထားနိုင်တာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း ဖုန်းတွေက ပိုကြီးပြီး ပိုလေးလာတဲ့အချိန်မှာ iPhone 13 mini ရဲ့ အရွယ်အစားက လက်သေးတဲ့သူတွေပဲဖြစ်ဖြစ်၊ ဖုန်းကို လက်တစ်ဖက်တည်းနဲ့ကိုင်သုံးချင်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် တကယ်ကို သင့်တော်တဲ့အရွယ်အစားဖြစ်နေဆဲပါ။ Specification အရတော့ iPhone 13 mini က iPhone 12 mini ထက် အနည်းငယ်ပိုလေးသွားပေမယ့် လက်တွေ့အသုံးပြုတဲ့အချိန်မှာတော့ ခွဲခြားဖို့ခက်ခဲပါတယ်။
အရင်ဆုံး Admin ကတော့ iPhone 13 mini ရဲ့ Battery ကို စမ်းသပ်ဖို့အတွက် Battery Health ကိုလည်း မထိခိုက်အောင် 80% အထိပဲ အားသွင်းပြီး စတင်အသုံးပြုဖြစ်ပါတယ်။ ဒီလိုမျိုး 80% အထိပဲ အားသွင်းတာနဲ့ 20% အောက်ရောက်အောင် အသုံးမပြုတဲ့နည်းစနစ်က Battery Cycle Count ကို သိသိသာသာလျော့ချပေးနိုင်တာကြောင့် Battery Health Percent ကို အမြန်မကျစေချင်ဘူးဆိုရင် ပြုလုပ်သင့်ပါတယ်။
စစခြင်းမှာတော့ Admin က အားသွင်းပြီး iPhone 13 mini ရဲ့ ပိုကောင်းလာတဲ့ Camera ကို စမ်းရိုက်တာတွေ၊ YouTube ၊ Facebook ၊ Instagram လိုမျိုး Social Media တွေကိုပဲ အဓိက သုံးဖြစ်ပါတယ်။ အားသွင်းပြီး အချိန် ၂ နာရီဝန်းကျင်အကြာ၊ Screen အသုံးပြုတဲ့အချိန် ၁ နာရီ ၁၅ မိနစ်လောက်အရောက်မှာတော့ Battery က 80% ကနေ 60% ကို ကျဆင်းသွားပြီဖြစ်ပါတယ်။ ဒါကလည်း Camera ကို ဆက်တိုက်နီးပါး စမ်းသုံးနေဖြစ်တာဆိုတော့ iPhone 13 mini လိုမျိုး ဖုန်းအတွက် တော်တော်လေးကို မနှစ်က iPhone 12 mini ထက် ပိုကောင်းလာတယ်လို့ ပြောနိုင်ပါတယ်။
Admin ကတော့ ဒီနှစ် iPhone 13 Series ဖုန်းအကုန်လုံးမှာ အသစ်ပါလာတဲ့ Camera Feature တစ်ခုဖြစ်တဲ့ Photographic Styles ကို တော်တော်လေးကြိုက်နေတော့ ဆက်ပြီး ဆက်တိုက်စမ်းသပ်ဖြစ်ပါတယ်။ ဒီလိုမျိုး Camera ကို အဓိကသုံးပြီး Need For Speed : No Limits လိုမျိုး ဂိမ်းတွေကိုလည်း ဆော့ဖြစ်ပေမယ့် ဖုန်းအားသွင်းပြီး အချိန် ၃ နာရီကျော်၊ Screen အသုံးပြုချိန် ၁ နာရီ ၄၅ မိနစ်ရှိတဲ့အချိန်မှာ Battery က 51% အထိ ကျန်နေသေးတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် iPhone 13 mini ဟာ Camera ပိုင်းဆက်တိုက်သုံးတာမျိုး၊ ဂိမ်းဆော့နေတာမျိုး Heavy Usage မှာတောင် Average အနေနဲ့ တစ်နာရီကို Battery 15% ဝန်းကျင်ပဲ လျော့မှာဖြစ်ပါတယ်။
နောက်ဆုံး iPhone 13 mini အတွက် နောက်ဆုံးထွက်ထားတဲ့ iOS Update ဖြစ်တဲ့ ioS 15.0.1 ကို Update လုပ်ပြီး Screen အသုံးပြုတဲ့အချိန် ၂ နာရီခွဲကျော်သွားတဲ့အချိန်မှာတော့ Battery က 40% ဝန်းကျင်ရှိနေတုန်းပဲဖြစ်ပါတယ်။ Overnight ထားတဲ့အချိန်မှာလည်း သိသာတဲ့ Battery Drain ဖြစ်တာမျိုး မရှိခဲ့ဘဲ မနက်အထိ Battery က 35% ဝန်းကျင်ရှိနေတုန်းပဲဖြစ်ပါတယ်။
ဒါကြောင့် Admin လိုမျိုး Battery ကို 80% အထိပဲ အားသွင်းပြီးတော့ Camera ပိုင်းအနည်းငယ်အသုံးပြုတာမျိုး၊ Social Media လောက်ပဲ သုံးမယ်ဆိုရင် iPhone 13 mini ဟာ Screen အသုံးပြုချိန် ၅ နာရီဝန်းကျင်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါက တစ်ယောက်နဲ့ တစ်ယောက်အသုံးပြုတဲ့ပုံစံပေါ်မှုတည်ပြီးလည်း ကွာခြားနိုင်တာကြောင့် တကယ်လို့ ဖုန်းကို အမြဲတမ်းကြည့်ပြီး အသုံးပြုနေတာမျိုး မလုပ်နေဘူးဆိုရင် iPhone 13 mini ဟာ iPhone 12 mini ထက် ကျိန်းသေ Battery ပိုကောင်းမှာဖြစ်ပြီး တစ်နေကုန် အားပြန်သွင်းဖို့ စိတ်ပူစရာမလိုဘဲ အေးဆေးအသုံးပြုနိုင်မှာပါ။
အဲ့ဒါကြောင့် iPhone 13 mini ကိုလည်း ကိုင်ချင်တယ်၊ Battery ပိုင်း အားမခံမှာကိုလည်း စိတ်ပူနေတဲ့သူတွေရှိတယ်ဆိုရင် စိတ်မပူဘဲ ဝယ်ယူဖို့အကြံပေးချင်ပါတယ်။ အခုဆိုရင် MagSafe Battery Pack လိုမျိုးတွေလည်း ထွက်ရှိထားပြီးဖြစ်တာကြောင့် ပြန်လည်အားသွင်းဖို့အတွက်လည်း စိတ်ပူစရာမလိုသလို ကြိုးနဲ့အားသွင်းဖို့အတွက်လည်း 20W Fast Charging ကို ထောက်ပံ့ထားတာကြောင့် အချိန်အများကြီးပေးဖို့မလိုဘဲ အားသွင်းပေးနိုင်ပါသေးတယ်။
တစ်ခုရှိတာကတော့ iPhone 13 mini မှာ သုံးထားတဲ့ A15 Bionic Chip ဟာ တကယ်ကို Performance ပိုင်းပိုကောင်းလာပေမယ့် Screen Size က iPhone 12 mini အတိုင်း 5.4″ ပဲရှိတာကြောင့် ဂိမ်းကို အဓိကဆော့မယ့်သူတွေအနေနဲ့ Screen Size ပိုကြီးတဲ့ iPhone 13 ၊ 13 Pro နဲ့ 13 Pro Max လိုမျိုး ဖုန်းတွေကိုပဲ ရွေးချယ်ဖို့ အကြံပြုလိုက်ပါတယ်။